: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

ဂျာမနီ ဇိမ်ခံဆလွန်း Audi A6

Audi A6 for sale in Myanmar

ဂျာမနီမှာ ကမ္ဘာကျော် အောင်မြင်တဲ့ ဆလွန်း တစ်မျိုး ကတော့ Audi က ထုတ်တဲ့ A6 ဖြစ်ပြီး မြန်မာပြည် ဈေးကွက်မှာ ရရှိ နိုင်နေပြီ ဖြစ်ပါတယ်။ အဟောင်းတွေလည်း ရရှိ နိုင်သလို အသစ်ဆက်ဆက် တွေကိုလည်း အော်ဒါမှာ ပြီးတော့ ဝယ်စီးလို့ ရနေပြီ ဖြစ်တဲ့ အနေအထားမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တံခါး လေးပေါက် ဇိမ်ခံဆလွန်း Audi A6 အကြောင်းကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

အင်ဂျင် စွမ်းဆောင်ရည်

Front-engine အထားအသိုနဲ့ A6 ကားသစ်လေးကို ရှေ့ယက်ပုံစံနဲ့ရော Quattro စနစ်သုံး လေးဘီး ယက်ပုံစံနဲ့ပါ ရရှိနိုင်ပြီး အင်ဂျင် အနေနဲ့ 2.0 L အင်ဂျင်တင်မက မြင်းကောင်ရေ ၃၂၅ ကောင်အားအထိ ထုတ်လုပ်ပေးမယ့် 3.0L TFSI V6 Supercharged အင်ဂျင်နဲ့ 3.0L TDI ဒီဇယ်အင်ဂျင်တွေကိုလည်း ရရှိနိုင်ပါတယ်။ A6 ဆီဒန်ကားသစ်ကို Premium ၊ Premium Plus နဲ့ Prestige ဆိုတဲ့ Trim သုံးမျိုး ခွဲခြားပေးထားပြီး စွမ်းဆောင်ရည်အမြင့်ဆုံး 3.0L အင်ဂျင်ကို Premium Plus နဲ့ Prestige Trim တွေမှာပဲ ရရှိနိုင်ပါတယ်။ လေးဘီးယက်ပုံစံမှာတော့ အင်ဂျင်တွေကို Tiptronic အော်တိုဂီယာရှစ်ချက်နဲ့ တွဲဖက်ပေး ထားပါတယ်။ စွမ်းဆောင်ရည်မြင့်မားလှတဲ့ A6 ဆီဒန်ကားသစ်လေးဟာ ၅.၃ စက္ကန့်အတွင်းမှာပဲ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းအထိ အရှိန်မြှင့်တင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၁၃၀ ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းမှာ တစ်ဂါလန် ၁၉ မိုင်နှုန်းနဲ့ အဝေးပြေးလမ်းမှာဆိုရင် တစ်ဂါလန် ၂၈ မိုင်နှုန်း အသုံးပြု မောင်း နှင်နိုင်ပြီး 3.0T မှာ အော်တို Start/Stop စနစ်ကို ထည့်သွင်းပေးထားတာကြောင့် ကားရဲ့ဆီစားနှုန်းကို ပိုပြီးလျော့ပါးသက်သာစေနိုင်ပါတယ်။

ကားကိုယ်တည် တည်ဆောက်မှု

Audi ထုတ်ကားတစ်စီးပီပီ ခံ့ညားမှု မပြယ်တဲ့ A6 ဆီဒန်ကားသစ်လေးဟာ အရင်မိုဒယ်တွေနဲ့ ဒီဇိုင်းပုံစံကွဲပြားနေပေမဲ့ A6 ဆီဒန်ရဲ့ ပင်တိုင် သွင်ပြင်လက္ခဏာတွေ မပျောက်မပျက်အောင်တော့ ထိန်းသိမ်း တည်ဆောက်ပေးထားပါတယ်။ Audi ဟာ အလူမီနီယမ်ကိုယ်ထည်နဲ့ A6 ကားသစ်ကို အရင်မိုဒယ်တွေထက် ပိုပြီးဆန်းသစ်အောင် ပြုပြင်တည်ဆောက်ထားတာဖြစ်ပေမဲ့ နဂိုလှပကြော့ရှင်းမှုမျိုး ပျောက်ပျက်မသွားရုံတင် မက ခမ်နိမ့်နိမ့် ရှေ့ခေါင်းတိုတိုနဲ့ A6 ရဲ့ အစိတ်အပိုင်းတိုင်းကို အချိုးညီညီ ဖန်တီးထုဆစ်ပေးထားတာကြောင့် ပိုလို့တောင် ဆွဲဆောင်မှုရှိသွားပါ တယ်။ ၂၀၁၄ ခုနှစ်မိုဒယ်ရဲ့ Trim Level အားလုံးမှာ LED မီးအပြည့်သုံး ကားရှေ့မီးကြီးတွေကို တပ်ဆင်ပေးထားပြီး မီးသီးကြီးတစ်ခုစီမှာ လင်း လက်တောက်ပတဲ့ LED နေ့မီး (Daytime Running Light) ခုနစ်လုံး ပါဝင်ပါတယ်။ ကားရှေ့မျက်နှာစာမှာ အပေါ်လွင်ဆုံးကတော့ Audi ရဲ့ ပင်တိုင် ခရိုမီယမ်ပေါင် ကွပ်ထားတဲ့ အနက်ရောင်ဘားတန်းရှဲလ်ကြီးပဲဖြစ်ပြီး အနံကျယ်ကျယ် ရှဲလ်ကြီးရဲ့အပေါ်ဘက် ဘေးတစ်ဖက်စီမှာတော့ ဒီဇိုင်းဆန်း လှပတဲ့ ကားရှေ့မီးတွေကို ထင်ထင်ရှားရှား တွေ့မြင်ကြရမှာပါ။ ရှဲလ်ပေါ်မှာ Audi ရဲ့အမှတ်တံဆိပ်လိုဂို ကွင်းလေးကွင်းဆက်ပုံကို တွေ့မြင်ရမှာဖြစ်ပြီး ရှဲလ်ရဲ့ အောက် ဘေးတစ်ဖက်စီမှာတော့ နှင်းခွဲမီးနဲ့ လေစုပ်ပေါက်တွေကို နေရာတကျတပ်ဆင်ပေးထား ပါတယ်။

 

Audi A6 for sale in Myanmar

ရိုးရှင်းလှပတဲ့ ကားနောက်ပိုင်းမှာတော့ အလင်းအားကောင်းမွန်လှတဲ့ အဆင့်မြင့်ကားနောက်မီးတွေကို လှလှပပ ထည့်သွင်းပေးထားပြီး ကားနောက်မီးတွေရဲ့အလယ်မှာတော့ ကွင်းလေးကွင်းဆက် Audi အမှတ်တံဆိပ်လိုဂိုလေးကို တွေ့မြင်ရမှာပါ။ နောက်မီးသီးတွေရဲ့အောက်နားမှာ တော့ A6 ဆိုတဲ့ ကားမိုဒယ်အမည်ကို ရေးထိုးပေးထားပြီး အိပ်ဇောပိုက် နှစ်ခုကိုလည်း သေသေသပ်သပ် ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ ကားဘီးတွေအနေနဲ့ ၁၇ လက်မအရွယ် Ten-spoke ဒီဇိုင်းဘီးတွေကို ရာသီစုံသုံးတာယာတွေနဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး ၁၈ လက်မအရွယ် ဘီးတွေကိုလည်း ရွေးချယ်ရရှိနိုင်ပါတယ်။

အတွင်းခန်း အပြင် အဆင်

၂၀၁၄ ခုနှစ် မိုဒယ် A6 ဆီဒန်ကားသစ်လေးရဲ့ အတွင်းခန်း ကတော့ အရင်မိုဒယ်တွေနဲ့ လုံးဝ ကွဲပြားခြားနားသွားပါတယ်။ ၁၉၉၆ ခုနှစ် က အတွင်းခန်းဒီဇိုင်းအပြင်အဆင်မျိုးနဲ့ လားလားမျှမဆိုင်တော့တဲ့ A6 ကားသစ်ရဲ့အတွင်းခန်းမှာ အကောင်းစားသားရေတွေနဲ့ ခင်းကျင်းပြင်ဆင် ထားပြီး ခေတ်မီအဆင့်မြင့် နည်းပညာတွေကိုလည်း တပ်ဆင်ထည့်သွင်းပေးထားပါတယ်။ ၀ယ်ယူသူတွေအနေနဲ့ အတွင်းခန်းအတွက် နူးညံ့ပျော့ ပျောင်းတဲ့ သားရေအမျိုးအစား လေးမျိုးထဲက တစ်မျိုးမျိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီး ကွဲပြားခြားနားတဲ့ သစ်သား၊ ဒါမှမဟုတ် အလူမီနီယမ် အခင်း အကျင်း တစ်ခုခုကိုလည်း ကြိုက်နှစ်သက်သလို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ MMI Touch နဲ့ ရှစ်လက်မအရွယ် လမ်းကြောင်းပြ ဖန်သားပြင် ပါဝင်ပြီး အဲဒီကနေ ကားမောင်းသူအတွက် လိုအပ်တဲ့ သတင်းအချက်အလက်မျိုးစုံကို ရရှိနိုင်ပါတယ်။ အသံစနစ်အတွက်ကိုတော့ Subwoofer ပါဝင်တဲ့ စပီကာကိုးလုံးကို တပ်ဆင်ပေးထားပြီး Bose နဲ့ Bang & Olufsen တို့လို အဆင့်မြင့်အသံစနစ်တွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ A6 ဆီဒန်ရဲ့ ကျယ်ဝန်းလှတဲ့အတွင်းခန်းမှာ ပုံစံ ၁၂ မျိုးပြောင်းလဲအသုံးပြုနိုင်တဲ့ ကားရှေ့ထိုင်ခုံမျိုး ပါဝင်ပြီး လမ်းကြောင်းပြစနစ်(Navigation System) နဲ့ ချိတ်ဆက်ပြီး ကားတွင်း Wi-Fi ထုတ်လွှင့်ပေးနိုင်တဲ့ AudiConnect ကိုလည်း အသုံးပြုနိုင်ပါတယ်။

လုံခြုံရေး

လုံခြုံရေးအနေနဲ့ ‘ကောင်း’ အဆင့်ကို ရရှိထားတဲ့ 2014 A6 ဆီဒန်ကို အဘက်ဘက်က စစ်ဆေးမှုပေါင်းစုံပြုလုပ်ခဲ့ပြီး လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်စေမယ့် ရလဒ်ကောင်းတွေလည်း ရရှိထားပါတယ်။ ကားအတွင်းမှာ အဆင့်မြင့်အသက်ကယ်လေအိတ် ခြောက်လုံးတင်မက ကား နောက်တံခါးနှစ်ဘက်အတွက် အသက်ကယ်လေအိတ် အပိုနှစ်လုံးလည်း တပ်ဆင်လို့ရပါတယ်။ ကားကိုတည်ငြိမ်စွာ မောင်းနှင်စေနိုင်မယ့် Electronic Stability Control(ESC) နဲ့ Brake Assist ၊ EBD ၊ ABS ၊ Hydraulic Brake Assist ၊ Electromechanical Parking Brake ၊ Parking Sensor နဲ့ နောက်ကြည့်ကင်မရာတို့လို ခေတ်မီလုံခြုံရေးနည်းပညာနဲ့ ပစ္စည်းပစ္စယတွေပါဝင်ရုံတင်မက Adaptive Cruise Control နဲ့ Night-vision Camera System တို့လို အဆင့်မြင့်လုံခြုံရေးနည်းစနစ်တွေကိုလည်း ရွေးချယ်ရရှိနိုင်ပါတယ်။

ဈေးနှုန်း

2014 Audi A6 ဆီဒန်ကားလေးရဲ့ ဈေးနှုန်းကို Trim Level တွေအပေါ်မူတည်လို့ အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ကနေ ဒေါ်လာ ၅၇,၀၀၀ အထိ သတ်မှတ်ပေးထားပြီး A6 3.0T Prestige ကတော့ ဈေးအကြီးဆုံးပါပဲ။ ၂၀၁၄ ခုနှစ်မိုဒယ် Audi A6 ဆီဒန်ကားသစ်လေးရဲ့ အဓိကပြိုင်ဘက်တွေကတော့ 2014 Mercedes-Benz E350 နဲ့ 2014 BMW 535i တို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် အော်ဒီ A6 ရဲ့ မြန်မာပြည်တွင်း ပေါက်ဈေးက သိန်း ၁ ထောင် အောက်မှာ ရှိနိုင် ပါတယ်။ Motors.com.mm ကနေ အော်ဒီ A6 ကား များစွာကို စိတ် ကြိုက် ရွေးချယ် လေ့လာ စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ်။